Tuesday, November 19, 2013

◀ အဟက်..!! ▶

ကိလေသာ တဏှာမှာ
သူကော ငါပါ
သာသာယာယာပဲ..။

ဒီလိုနဲ့...
.
.
.
သူမကြောက်- ငါမကြောက်
ငရဲတံခါးကို ခေါက်ကြတော့တယ်..။



ခင်လေးငယ် ::: 2013/ 09/ 14



Monday, November 18, 2013

နှင်းဆီငယ် (သို့မဟုတ်)

နှင်းဆီငယ် (သို့မဟုတ်) “လရိပ်” ဖတ်ဖြစ်ဖြစ် မဖြစ်ဖြစ် ရေးခဲ့တဲ့ ကဗျာ ~

ဝေချင်လည်းဝေ- ကြွေချင်လည်း ကြွေနေကောပေါ့..။

စားသုံးသူ မဟုတ်ဘူး
ရှုရှိုက်သူလည်း မဟုတ်ပြန်ဘူး
အလှကြည့်သူ သက်သက်ဆိုလည်း “မှားတယ်..” ။

အရာရာကို သိ- နေပေးယုံနဲ့
ကိုယ့်မှာ ပြည့်စုံနေခဲ့..။

ဆူးလည်း သူ့ အတိုင်း-
နူးညံ့မှုလည်း သူ့ အတိုင်း-
လန်းဖြာလည်း သူ့ အတိုင်း-
ညှိုးငယ်လည်း သူ့ အတိုင်း-

အလိုက်တသင့်ပေါ့ မနှင်းဆီ..။

ဘယ်သို့ နေနေ
ဘယ်လို ဝေဝေ
ဘယ်သူပဲ ခြွေခြွေ
ဖူး-
ပွင့်-
ဝေ-
ကြွေသက်ချိန်ထိ အစွမ်းကုန် “သိပ်လှတယ်”..။

ဘယ်လိုလဲ မနှင်းဆီ
ရှင်သန်သွားခဲ့တယ် မဟုတ်လား..?

ကြည့်နေယုံနဲ့
ရင်ခွင်လွှာ တစ်ကြော တစ်တောလုံး ဖြစ်တည်
ကိုယ့်အသိမှာတင် အရသာ ရှိခဲ့ပေါ့..။

ကိုယ့်မှာတော့~~

စဉ်ထာဝရ
ကျေးဇူးတင်လျက်ပဲ မနှင်းဆီ..။

(ခင်လေးငယ်)
2013/ 03/ 13 @10: 00 AM

~ Still missing you, BIRD ~

ငှက်ဟာ ငှက်ရဲ့ ဉာဉ်အတိုင်း အရှိန်ယူတုန်း
ကောင်းကင်ဟာ (ရုတ်တရက်) သူ့ဆီပျံလာတယ်..။

တောင်ပံတွေ ဖြန့်ကျက်
လိုလိုလားလား ဆီးကြိုဖက်ရင်း..
ကောင်းကင်ဘုံဆီ (အတူတကွ) ထိုးတက်သွားလိုက်တာ ~~~


ဒီကနေ့အထိ....

“သူ”
.
.
.
ပြန်မလာတော့ဘူး..။

မျှော်သူတွေ လည်ဆန့်နေဆဲ-- မင်းတွေ့လား “ငှက်”..။


ခင်လေးငယ် ~ 2013/ 08/ 14


ထူးအိမ်သင် နှစ်ပတ်လည်နေ့တွင် ကိုငှက်အား လွမ်းဆွတ်ခြင်းအားဖြင့် ရေးခဲ့သည်..။ 

“အိုဘယ့် အသင်”

တီးတိုးသဲ့သဲ့ ညည်းတွားမိသည်..။  ထို့နောက် နှုတ်မှဖွဖွ ရွတ်ဆိုမိပြန်၏..။ 

 “အပေါ်ယံ..”

ကျွန်မ စိတ်နှလုံးအသိ၏ အဝန်းဝိုင်းထဲ၌ ထိုစကားလုံး မရှိ..။ ထိုနှင့်ခပ်ဆင်ဆင် တူနိုင်ပါသော အကြောင်းအားလည်း ကျွန်မ မပြု..။

ကောင်းကင်ယံ၌ ညိုမှိုင်းမှိုင်းတိမ်တိုက် အချို့ ဥဒဟို မျောလွင့်လျက် ရှိသည်..။ ကျွန်မ၏ နာရီအချို့ နှစ်ချီ၍ တိတ်တဆိတ် ငြိမ်ဝပ်နေသည်မှာ ရှည်ကြာခဲ့ပြီ..။

ကျွန်မသည် ကျွန်မသာဖြစ်ခြင်းကြောင့်~~ ကျွန်မသည် ကျွန်မကိုသာ မြင်အောင်ကြည့်ပါသည်..။

ကျွန်မ မဟုတ်သော အသင်သူသည် ကျွန်မအား နားလည်ရန် ကြည့်မြင်ခြင်းငှာ မဖြစ်နိုင် သကဲ့သို့.. ကျွန်မသည် အသင့်အတွက် မှား/မှန် သုံးသပ်ရန် ပုစ္စာတစ်ပုဒ်လည်း ဟုတ်မနေပါ..။

“. . . . အိုဘယ့် အသင် . . . . ”

┊  ┊  ┊  ┊     ☆
┊  ┊  ┊  ★
┊  ┊  ☆
┊  ★

ရင်၌တည်သော အရာကိုသာ လည်ချောင်းတွင် အသံအဖြစ်ပြုပါလော့..!!

ထို့နောက် ရင်နှလုံးအိမ်မှ လာသော စကားများကိုသာ အသင့်ဝန်းကျင်၌ လှိုက်လှိုက်လှဲလှဲ ဖူးပွင့်စေပါလော့..!!

အသင်သည် “အပေါ်ယံ..” များကို ဖယ်ကာ- အသင့်ကိုယ်အသင် မြင်အောင်ကြည့်ပါလော့..!!

တီးတိုးသဲ့သဲ့ ညည်းတွားမိသည်..။  ထို့နောက် နှုတ်မှဖွဖွ ရွတ်ဆိုမိပြန်၏..။

                                      (ခင်လေးငယ်) 2013/ 06/ 20

-- Be empty of worrying --

မိုးသည် ဝုန်းကနဲ သည်းသည်းမည်းမည်းရွာ၍ တိ- ကနဲ ရပ်သည်..။ အိပ်ခန်းမှ မှန်တံခါးများကို တွန်းဖွင့်ထွက်ပါလျင် ဝရံတာသို့ ရောက်၏..။ ဝရံတာ ကြမ်းပြင်ပေါ်တွင် ထင်ကျန်နေသော မိုးရေကွက်များပေါ်၌ ခြေဗလာကျင်းကာ ရပ်မိ၏..။ စိမ့်အေးသော လေသည် လတ်ဆတ်သယောင်ပြုကာ သွဲ့သွဲ့တိုက်ခတ်နေသည်..။

ခပ်လှမ်းလှမ်းသို့ ကြည့်ငေးမိသည်..။ ပိန်းပိတ်မှောင် ကင်းဘာ့စ်အမည်းခံတွင် ရောင်စုံနီယွန်မီးများ ထွန်းညှိထားသော အထပ်ခြောက်ဆယ်ကျော် အဆောက်ဦးတစ်ခုပုံ မှုံဝါးဝါးးပေါ်နေသည့် ပန်းချီကားတစ်ချပ် ရုပ်လုံးကြွကြွ ရှိနေ၏..။

စိုထိုင်းထိုင်းရှိသော ဝရံတာ လက်ရမ်းကို ကိုင်ဆုပ်၍ အောက်တည့်တည့်ကို ကြည့်ပါလျှင်- သေးသွယ်သွယ် ဈေးလမ်းကလေးကို မြင်ရသည်..။ နေ့ခင်းအချိန်များတွင် ကျွတ်ကျွတ်ညံ ရောင်းသူ ဝယ်သူများနှင့် ပြည့်နှက်နေလေ့ရှိသော သစ်သီးဆိုင်ငယ် လေးများမှာ ဆန့်ကျင်ဘက် အသွင်တစ်မျိုးနှင့် တိတ်တဆိတ် ရှိနှေ၏..။

ယနေ့သည် လပြည့်ည ဖြစ်သည်..။ တိမ်မည်းထု နောက်တွင် ပုန်းကွယ်ဝှက်နေသော ပြည့်လသည် ရှိမြဲရှိငြား.. မမြင်ရ..။ ကောင်းကင်ကို မော့ကြည့်ငေးပြန်သည်..။ အလင်းနှင့် အမှောင်မှာ အတူတူသာလျှင် ဖြစ်သည်ဟု မဆီမဆိုင်တွေး၏..။ ညာလက်ထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသော အရာတစ်ခု ရှိနေနိုင်သည်..။

မြင်ကွင်းအားလုံးကို ခဏတာ နှုတ်ဆက်ကာ မတ်တပ်ရပ်လျက်ပင် မျက်လွှာများကို ပိတ်လိုက်သည်..။ မိမိ နှလုံးခုန်သံကို ကျယ်လောင်စွာ ကြားရသည်..။ အတက်အကျ- စီးချက်ညီညီနှင့် ဟန်ချက်တကျ ရှိ မနေကြောင်း ဆင်ခြင်မိ၏..။ စိတ်အာရုံသည် သတိကပ်နေရင်း၌ပင် တလှုပ်လှုပ် လူးလွန့်ထ၏..။

ဥတုရာသီနှင့် အသွင်တူလာသော စိတ်အစဉ်သည် မိနစ်ပိုင်းအချို့၌ လေးပင်ပင် ရှိလာပြန်သည်..။ ထို လေးပင်မှုကို အသာတကြည် ရှိခွင့် ပေးမိသောအခါ ကြောက်စိတ် ဝင်လာ၏..။ ကြောက်လန့်စိတ်သည် ဒေါသ တစ်မျိုးပင် ဖြစ်သည်..။ မရေတွက်နိုင်သော ဆံခြည်မျှင်များကဲ့သို့ ပြောင်းလဲနေသော စိတ်စက္ကန့်ပိုင်းလေး များသည် လေးလံထိုင်းမှိုင်းလွန်း နှေသည်..။

ကြည်လင်သန့်စင်နေခြင်း မရှိ- ပေါ့ပါး ရွှင်မြူးမှု မဲ့နေသည်..။ အတိတ်ကို တမ်းတစိတ်ဖြစ်သည်..။ အနာဂါတ်ကို မျှော်လင့်တကြီး ကူးပြောင်းပြန်သည်..။ ဆန္ဒပေါင်း ရာထောင်ချီသည် ထိုခဏလေး အတွင်းမှာပင် မောပမ်းစွာ ဖြစ်တည်နေ၏..။ စိတ်အလူးအတိုင်း လိုက်ပါကူးမိသော် ယခုသည် အကျည်းတန်စွာ ကွယ်ပျောက်တော့သည်..။

ထိုအရာများကို လွှတ်ချ လိုသည်..။ ထိုအရာများထံမှ ထွက်ပြေးလိုသည်..။ တဖျတ်ဖျတ် ပြောင်းလဲနေစဉ် အတွင်းမှာပင် ဖတ်ဖူးသော ရူမီ၏ ကဗျာတိုလေး တစ်ပုဒ်အား သတိရလာ၏..။ ညာလက်တွင် ဆုပ်ကိုင်ထားသော တစ်စုံတရာကို လွှတ်ချရင်း နှုတ်မှ ထိုကဗျာလေးကို ဖွဖွ ရွတ်ဆိုမိသည်..။

မည်သူမပြု မိမိမှုသော
ပူပင်ခြင်း၌ ငြိတွယ်ကင်းစေ-

ဖွင့်ရန်မလို ပွင့်နေပါ၍်
အကင်းပါးက အကျဉ်းမကျဟု...

ဗျာပါဒမှ ဖယ်ခွာခွဲထွက်
တိတ်ဆိတ်ခြင်း၌့် ငြိမ်ဝပ်နိုင်စေ-

သတိကပ်လျက် သောကလျော့မူ
ပေါ့ပါးစိတ်နှင့် လွတ်မြောက်၏်..။


~ ရူမီ ~

အရာအားလုံးကို လွှတ်ချလိုက်ချိန် ထို ခဏတွင်.. မိုးရွာပြီးစ တိုကျိုည စစ်စစ်သည် ယခုမှ သူမထံ ရောက်လာတော့သည်..။ နှလုံးခုန်သံ၏ ကာရံညီမှု၌ စိတ်နှလုံးသည် ရုတ်ကနဲ ဖြူလွှပေါ့ပါး ငြိမ်သက်သွားတော့၏..။

* ♥`•.¸¸.•´´•:*´¨`*:•.••.¸¸. ´´¯`•♥

မှတ်ချက်..။။ ရူမီ၏ ကဗျာလေးကို စကားလုံးအားဖြင့် တိုက်ရိုက် ပြန်ဆိုခြင်း မဟုတ်ပါ.. “အသိ” အားဖြင့် ပြန်ဆိုခြင်းသာ ဖြစ်ပါသည်..

(ခင်လေးငယ်) 2013/ 06/ 24

Be empty of worrying.
Think of who created thought!

Why do you stay in prison
when the door is so wide open?

Move outside the tangle of fear-thinking.
Live in silence.

Flow down and down in always
widening rings of being.

~ Rumi ~

~~ သမီးရေ ~~

မယိုင်မလဲ ထားဆဲစိတ်နဲ့
ဘဝရဲ့ဒဏ် ကြံ့ကြံ့ခံကွယ့်...

ဖြစ်နဲ့ပျက်ကြား ထူးခြားမဲ့ကာ
မမြဲခြင်းသာ မှန်တရားကွယ့်...

ကြွေးဟောင်းပေါ်တိုင်း ရဲရဲသာဆပ်
တစ်ရံမလပ် သတိကပ်ကွယ့်...

ဖြစ်ပျက်ကွာလို့ အမည်ပြောင်းလည်း
ကြုံတိုင်းပျော်ပျော် သာဓုခေါ်ကွယ့်...

ကြွေးသစ်မထပ် စွန်းထင်းလပ်လို့
အားငယ်စိတ်ဖယ် ပေါ့ပါးစေကွယ့်...

ဝမ်းနှင့်လွယ်မွေး မေမေ့သွေးမို့
သတ္တိသွန်းလောင်း အားသစ်ပြောင်း၍
သံသရာဆုံး အသိသုံးဟု
ထပ်ခါတလဲ မှာနေဆဲလေ
ဝေးက မေ့သမီး ကြားနိုင်စေ..။.


 မေမေ့မေတ္တာ မေမေ့စကားများအား လွမ်းဆွတ်သတိရရင်း ~ အားငယ်မိသော နေ့ရက်များထဲမှ မိမိကိုယ်တိုင်သို့ ခွန်အားပေး ရေးဖွဲ့ပါသည်..။
 

Sunday, November 17, 2013

~ ညအရောင် ~


ညရဲ့ အရောင်က ပုံစံတူ ထုဆစ်ထားဆဲ....။ အရင်အတိုင်းတွေနဲ့ ထပ်တူကျလျက်...။ အပူရှိန် ပြင်းနေတာရယ်- ခပ်သော့သော့ လေပြေ မရှိတဲ့ အချက်ရယ် အဲ့ဒီ နှစ်ခုစလုံးဟာ နွေညရဲ့ သရုပ်မှန် မဟုတ်လား..။ အတ္တတရားနဲ့ သစ္စာတည်တဲ့ နွေညဟာ သူ့အတ္တနဲ့သူ စူးစူးရှရှ ကျေနပ်နေပုံရတယ်..။

ဒီလိုနဲ့ နွေညဟာ သူမကို တစ်ဆစ်ဆစ် ကိုက်တော့တာပဲ..။ လူကို မြိုမယောင် လှောင်ပြောင်ပြန်ရဲ့.။ ရယ်စရာ ကောင်းတာက တကယ်တမ်း သူမဟာ နွေညရဲ့ ဝမ်းဗိုက်ထဲ ရောက်နေပြီးသားရယ်..။ ဘယ်လောက်များ မုန်းစရာလဲကွယ်..!!

ညာသံပေးပြီး ဘယ်က ဝိုက်တယ်..။ နွယ်တစ်ပင်လို ရစ်ခွေ ပတ်တယ်..။ စွေ့ကနဲ ဆံနွယ်တွေ ကြားထဲ..။ လှစ်ကနဲ ပါးပြင်နှစ်ဖက် အပေါ်..။ ငြင်းဆန်ချိန် မပေးပဲ အိပ်စက်ရာ မွေ့ရာထက်က ခန္ဓာတစ်ကိုယ်လုံးကို ကောင်းကင်ယံဆီ် ပွေ့ချီခေါ်ဆောင်ပြန်ရဲ့..။ နွေညဟာ မြူးမြူးကြွကြွ ရှိလှတယ်..။ သူမကတော့ အလွမ်းတွေ တစ်နင့်တစ်ပိုးနဲ့ တိတ်တဆိတ် ညှိုးလျော့လျော့..။

ကြယ်တွေက နီးလာလိုက်- ဝေး ဝေးသွားလိုက်နဲ.။ ပူပူအိုက်အိုက်မှာ တူတူပုန်းတမ်း ကစားနေတဲ့ ကြယ်လေးကွေက ချစ်စရာတော့ အကောင်းသား..။ ပါးလျလျ တိမ်လွှာတွေဟာ လိုအပ်တာထက်ပိုပြီး နွေညနဲ့ လက်ပွန်းတတီး ရှိလွန်းနေသလိုပဲ..။ အဲ့လို ထင်မိချိန် သူမနှုတ်ခမ်း နှစ်လွှာဟာ ဘယ်လို သန္တာန်များ ရှိနေခဲ့ပါလိမ့်..!! သေသေသပ်သပ်နဲ့ ပြုံးရိပ်သမ်းနေ ခဲ့မယ်တော့ မထင်..။ 

ကြယ်တွေနဲ့ တိမ်လွှာပါးတွေဆီကနေ ရွက်ဝါခြောက်တွေရှိရာကို ရုတ်ကနဲ ထိုးစိုက်ချတယ်..။ သူဟာ အတော့်ကို ပါးပါးနပ်နပ်ရှိသူပါပဲ..။ ရော်ရွက်ဝါတွေထက် သူမ ခန္ဓာကို လွှတ်ချပေးလိုက်တာများ တကယ့်ကို ဖွဖွသက်သက် ညင်ညင်သာသာလေး..။ ခြောက်ကပ်ကပ် အပျော်တစ်စ မသိမသာလေး သူမရင်မှာ ဖြတ်ပြေးသွားခဲ့ ထင်ရဲ့..။ 

ဟိုဟိုဒီဒီ အတွေးအစမှာပဲ သူဟာ လူးလူးလွန့်လွန့် နဲ့ ပြန်ရောက်လာ ပြန်တယ်..။ ဖြူဖျော့ဖျော့ လေပြေတစ်စကို ယူဆောင် လာခဲ့တယ်..။ လက်ဆောင်... တဲ့..။ မညာတမ်း ဝန်ခံရရင်ဖြင့် ကျေးဇူးတင်စိတ်လေး နည်းနည်းတော့ ဖြစ်မိသွားတယ်..။ ဒီလို လေပြေတွေပေါ့..!! အဲ့ဒီလို လေပြေတွေနဲ့ သူ့လိုပဲပေါ့...!!

အခုလို သွေ့ခြောက်နေတဲ့ နွေညတွေဟာ တစ်ချိန်တုန်းက မေမေ့အိမ်အိုလေးထဲမှာ စိုစိုပြေပြေ ရှိခဲ့ဖူးသတဲ့..။

                                           ( ခင်လေးငယ် )


သယ်ဆောင်လာတဲ့ မိုးရေ စိုရွှဲရွှဲမှာပေါ့။ သူ့အလွမ်းတွေက နင့်နင့်နဲနဲ တဖွဲဖွဲပဲ။ တယုတယနဲ့ သူ ပုခုံးထမ်း သယ်လာခဲ့တယ်။ ဒီလိုနဲ့- လက်စမသတ်ရသေးတဲ့ နွေည ပန်းချီကားကို သူ ရေးဆွဲခဲ့ဖူးကြောင်း ရောက်သွားရဲ့။ ဆွဲလာခဲ့တာ ဘဝတစ်လျောက်လုံးပဲရယ်။ 

အခုတော့ အဲ့ပန်းချီကားဟာ ဆေးသားတွေမှိန်ပြီ။ အချိန်တွေ တိုက်စားသွားကြပြီ။ သူ့ အနားသတ်မှာ- ကောင်းကင်ပြင်က ကြယ်ရောင်တွေနဲ့ အရောင်ဖျော့နေခဲ့ပြီ။ ဒီပန်းချီကားမှာ တိမ်သားတွေ မပါဘူး။ အဲ့တော့ သူ့ ဒီပန်းချီကားမှာ မိုးမရွာဘူး။ ဒါကို ဘယ်သူ မှ နားလည်နိုင်မှာ မဟုတ်ပါဘူး။ 

သွားကြပါလေ။ လက်ဖြစ်တစ်တွက် အတွင်းမှာပဲ ~ အိမ်လွမ်းသူတွေ အသင်္ချေ အသင်္ချာ မျောပါသွားကြပါလေ။ သူသာ တစ်ယောက်တည်း။ ကျောက်အငူရဲ့ အစွန်းမှာ နေမယ်။ အလွမ်းတွေကို တဖွဖွ ရေတွက်မယ်။ 

စက္ကူလှေငယ်တွေ ခေါက်မယ်။ လှိုင်းပုတ်သံတွေ တဖြတ်ဖြတ် နားထောင်မယ်။ ကြယ်ရောင်တွေကို တလက်လက် ငေးမောကြည့် နေဦးမယ်။ ဖယောင်းတိုင်ငယ်လေး လောက်တောင် မရှိတဲ့ အလင်းမျိုးနဲ့ ဒီပန်းချီကားကို သူ့ ပျောက်လုလု ဒဏ်ရာတွေနဲ့ အနားသတ်မယ်။

အို ~ အိမ်လွမ်းသူ အပေါင်းတို့။ လှိုင်းလေတွေကြား အသင်တို့ မျောပါသွားကြပါလေ။ ဒီနွေနှောင်းရဲ့ ပန်းချီကား လှပစေနိုင်ဖို့ အသင်တို့ အဝေး ပြေးထွက်သွားကြပါလေ။ နွေပြီးခဲ့ပြီ။ မိုးရောက်လာခဲ့ပြီ။ ဘာများ အဆန်းတကြယ် ရှိနေပါလိမ့်မလဲ။ 

မိုးစက်တွေ ဖွဖွ စိုနေတဲ့ သူ့ပန်းချီကားကို မျက်ရည်တွေလား ဆေးစက်တွေလား မကွဲပြားတဲ့ အသိနဲ့ အနားသတ်လိုက်တယ်။ တိမ်သားတွေ အလွင့်မှာပေါ့။ သူမရဲ့ အလွမ်းကို လူသူလေးပါး မမြင်အောင် သူ့ရင်ထဲ အသာအယာ လိပ်သိမ်းမိလိုက်တယ်။ 

မျက်ရည်စတွေ တိတ်ပါစေတော့ ~ ရွက်ဝါတွေလည်း စိမ်းတော့လေ။ တိမ်သားတွေလည်း ရွာတော့လေ။


                                                 ( ဇေယျ )


★★ အိမ်လွမ်းနေသူကျွန်မ နဲ့ မောင်- အမှတ်တရ အတူ ရေးဖြစ်တဲ့ စာစုလေးတွေပါ..။ ★★ 

                                               <2013/ 08/ 10>

~ ကိုယ်တည်းရှုပ်မိ အပြစ်ရှိ၏ ~


 

ဟိုဟိုသည်သည်၊ အတွေးကူလို့
မှန်ဆောင်နန်းထက်၊ လိုက်ကာလှစ်လျက်
နွေညယံမှာ၊ မျှော်မှန်းကာတမ်း
ခင့်အလွမ်းကို၊ ပုန်းသည့်လမင်း သိခဲ့သည်..။

မှန်အိမ်ကမီး၊ ထိန်ထိန်ညီးနှင့်
ကျောင်းတော်တွင်း၌၊ ကြိုးစားခိုက်ဟု
ဖော့ကာတွေးလျက်၊ နှုတ်ခမ်းနှစ်လွှာ
ပြုံးဖြာပါက ကျေနပ်ပီတိ မောင်ရှိလေမည်..။

သိသာသိငြား၊ လမင်းကိုရှက်
ခေါင်းမာလျက်နှင့်၊ ပြုံးရခက်၏
သြော် ~~
ခင့်ဒုက္ခနှင့် ခင်ပေတည်း..။


.
ခင်လေးငယ် ::: 2013/ 08/ 18 :::

~ ဘယ်လိုလဲကွယ် ~


ကိုယ်တိုင်နင်းဖို့ ကိုယ်တိုင်ခင်းပြီး
ပြန်ဖြိုခံရတဲ့ စစ်တွင်းသုံး တံတားတွေလို
ဘုရားသခင် လက်ဖဝါးထဲက တိမ်တိုက်ညိုတွေ
ကိုယ့်အပေါ် သည်းကြီးမည်းကြီး တစ်ဝုန်းဝုန်း ရွာချ-

အဲ့သလိုပဲ...
အတိတ်ဘဝကံရဲ့ သက္ကရာဇ်အိုတွေ ပြိုကျစေချင်ခဲ့တာ
စွန့်စွန့်စားစား ဒီစိတ်ဇော အကပ် (မာတိကာလှန်. နိဒါန်းပျိုးတုန်း)
အိပ်မက်တွေသာ ပျိုမျစ်စွာနဲ့ ညတိုင်းညတိုင်း ရပ်ရပ်သွား သတဲ့..။

ကဲ.........!!

 
ခင်လေးငယ် ::: 2013/ 08/ 21:::

◀ Sunday Morning of Tokyo ▶



တနင်္ဂနွေ နံနက်ခင်းသည် အရုဏ်ဦး နေရောင်နုအစား မိုးဖွဲဖွဲနှင့် နှုတ်ခွန်းဆက်ခဲ့၏..။ တိုကျိုသည် နွေနှောင်းသို့ ကူးစပြုနေပြီ..။

သင့်တင့်သည့် ရာသီဥတုကြောင့် အိပ်ရာ မဝင်ခင် ဖွင့်ထားခဲ့သော ကုတင်ခေါင်းရင်းမှ မှန်တံခါးများကို အသာဆွဲပိတ်ရင်း ဦးညွတ်မိသည်..။ ဤသို့ဖြင့် မီးခိုးနုရောင် တနင်္ဂနွေသည် ကျွန်မကို စတင် သိမ်းပိုက်တော့၏..။


                                       . . . ☩.☩.☩.☩.☩.☩.☩.☩.☩.☩.☩ . . .



ကျွန်မကို အဆွဲဆောင်နိုင်ဆုံးသော အရောင်သည် မီးခိုးရောင် ဖြစ်သည်..။ ကျွန်မ ပိုင်ဆိုင်သော အသုံးအဆောင်၊ အဝတ်အစား အတော်များများမှာ ရည်ရွယ်၍ ဝယ်ခဲ့သည် မဟုတ်သော်ငြား ထိုအရောင်လေးများ ဖြစ်နေတတ်သည်..။

နှစ်သက်ရာ အရောင်များအကြောင်း မိတ်ဆွေအချို့ ပြောဖူးသည်ကို သတိတရ ရှိလာမိသည်..။ တောက်ပသော အရောင်များကို ငြင်းဆန်လေ့ ရှိသူမှာ ကျွန်မဖြစ်၏..။ သူငယ်ချင်းတစ်ယောက်က “ဘယ်အရောင်ကို အကြိုက်ဆုံးလဲ..” ဟူသော မေးခွန်း အမေးခံရချိန်တွင် ချက်ချင်း မဖြေနိုင်ပဲ ဆွံ့အ နေခဲ့ဖူးသည်ကို အမှတ်ရသေးသည်..။

မည်သည့် အချိန်မှစကာ မီးခိုးနှင့် ကျွန်မ တစ်သားတည်း ရှိနေခဲ့သည် မသိ..။ သူငယ်ချင်း၏ မေးခွန်းအား ဖြေဆိုရန် အနှစ်သက်ဆုံးအရောင်ကို အချိန်အတော်ကြာ စဉ်းစား ယူခဲ့ရဖူးပါသည်..။ ကိုယ်တိုင် တိတိပပ သိလိုက်ချိန်တွင် ကျွန်မပိုင်ဆိုင်သော အဝတ်ဗီရိုသည် မီးခိုးရောင် အပြည့်ဖြင့် နေရာယူထားပြီးသား ဖြစ်နေတော့၏..။

ကျွန်မ အိမ်ခန်းလေးထဲရှိ စားပွဲပုလေးမှ အစ၊ ကွန်ပြူတာ စင်လေးပေါ်အဆုံး ဟိုဟိုသည်သည်၌လည်း သူတို့ရှိနေတတ်သည်..။ နု၊ ရင့် အနည်းငယ်ဆီ ကွဲပြားသည့် ထိုအရောင်လေးတိုင်းကို ကျွန်မ ချစ်သည်..။ ကျွန်မသည် လက်သည်းနီဆိုးခြင်းကို အနှစ်သက်ကြီး မဟုတ်လှ..။ သို့သော် ငွေမှင်ရောင် သန်းသော ခဲရောင် လက်သည်းနီ တစ်ရောင်တည်းကိုမူ နှစ်ပေါင်းများစွာ စွဲစွဲမြဲမြဲ သုံးတတ်လေ့ရှိသည်မှာ ယခုတိုင်ဖြစ်၏..။

မီးခိုးရောင်နှင့် ပတ်သက်၍ မည်သို့သော အတိတ်အကြောင်းအရာမျှ ကျွန်မတွင် မရှိခဲ့ဖူး..။ သူငယ်ချင်းအချို့နှင့် ဈေးဝယ်ထွက်သော အခါမျိုးတွင် ထိုအရောင် ပစ္စည်းများထံသာ လက်လှမ်းလေ့ရှိသော ကျွန်မအား သူတို့ ပြုံး၍ ကြည့်လေ့ ရှိကြ၏..။ မှတ်မှတ်ရရ ကျွန်မတို့ မင်္ဂလာ ဆွမ်းကျွေးနေ့တွင်ဝတ်မည့် မြန်မာဝတ်စုံကို ရန်ကုန်တွင်နေသော တူမလေး တစ်ယောက်က “ဘယ်အရောင်ဝတ်မှာလဲ တီ..” ဟု ဝယ်ရန် မေးတုန်းက ဖြစ်သည်..။

မဆိုင်းမတွပင် မီးခိုးရောင်ဟု ကျွန်မဖြေခဲ့ပါသည်..။ ဝတ်စုံ ဝယ်ပေးမည့် ထိုတူမလေးသည် ကြားကြားချင်း အင်တင်တင် ဖြစ်နေခဲ့သေး၏..။ အနည်းငယ် တောက်ပသော အရောင်မျိုး ရွေးချယ်ရန် နားချခဲ့သော်လည်း နောက်ဆုံးတွင် အလျော့ပေး လိုက်ရောကာ ကျွန်မနှစ်သက်သော အရောင်လေးကိုပင် ကျွန်မနှင့် မောင့်အတွက် မင်္ဂလာ လက်ဆောင်အဖြစ် သူ ဝယ် ပို့ပေးခဲ့သည်..။

မီးခိုးရောင်တွင် မည်သည့် ဂုဏ်သတ္တိမျိုး ပိုင်ဆိုင်ကြောင်း ကျွန်မ မသိသလို စိတ်လည်း မဝင်စားပါ..။ ကျွန်မချစ်သော ထိုအရောင်လေး၏ ကောင်းကျိုး ဆိုးကျိုး စသည်သည် ကျွန်မအတွက် အရေးမကြီး..။ ဆန်းကျယ်မှုမပါ အယူဝါဒစွဲ ကင်းကင်းနှင့် ကျွန်မ သူ့ကို ချစ်သည်..။ ရိုးရှင်းစွာ သူ့ထံ၌ ကျွန်မ တွယ်ငြိသည်..။ ထိုမျှနှင့်ပင် ကျွန်မအတွက် လုံလောက်သည်..။ ကျွန်မတွေးရန် ကျန်အရာများ ဘာမှ လိုအပ်မနေ..။



                                        . . . ☩.☩.☩.☩.☩.☩.☩.☩.☩.☩.☩ . . .

ဟိုဟိုသည်သည် အတွေးများနှင့် ရှိနေခဲ့သော ကျွန်မ၏ မီးခိုးနု တိုကျိုသည် မီးခိုးရင့်အဖြစ် ကူးပြောင်း၏..။ မိုးဖွဲလေးများသည်လည်း ပိုမိုစိပ်လာခဲ့ပြီ ဖြစ်သည်..။ အုံ့မှိုင်းနေသော ဤမနက်ခင်းမျိုးတွင် ကျွန်မစိတ်အစဉ်သည် ထုံထိုင်းမနေပဲ ပေါ့ပါး လန်းဆတ်၍ပင် နေသေး၏..။

မည်သို့ဖြစ်စေ မီးခိုးနှင့် ခြယ်သသော တိုကျို တနင်္ဂနွေသည် ကျွန်မအတွက် အနုစိပ်လှပသော ပန်းချီတစ်ကားဖြစ်သည်..။ တန်ဖိုးတထားနှင့် ကျွန်မ အမြတ်တနိုး ရှိရ၏..။ ချစ်စရာကောင်းသော ထိုလက်ဆောင်လေးနှင့် နိုးထခွင့်ပြုခဲ့သည့် တိုကျိုအားလည်း လှိုက်လှိုက်လှဲလှဲ ကျွန်မ ကျေးဇူးတင်ပါသည်..။


 
                                        ✿ ခင်လေးငယ် ~ 2013/ 09/ 08 ✿

~ မဂ္ဂ ~


တဆစ်ဆစ် ညည်းတွားနေတဲ့ အစွန့်ပစ်ခံတွေက
လမ်းမကြီးဘေးမှာ တွားသွားနေကြတယ်..။

မကြည့်ရက်တဲ့ ခြုံပုတ်တွေ- ရွက်ခြောက်အို အပုံကြီးတွေက
သူတို့ မျက်လွှာ ခလုတ်ကို ထ- ပိတ်ကြသတဲ့..။

အို.. အသင်လူသားတို့
အို.. ကျွန်ုပ်တို့
ဒီအဖြစ်ဟာ ရှက်စရာပဲ..။

“မီး” လာတယ် (မလင်းဘူး)
“မိုး” ရွာတယ် (ရေမပါဘူး)
ကမ္ဘာကြီးဆိုတာ ခြောက်ခြောက်သွေ့သွေ့ အေးခဲခဲကြီးတဲ့
နှမျောစရာကွယ်..!!


ငါမှန် နင်မှား (နင်မှား ငါမှန်)
ရှင်းလား.. ရှင်းရဲ့ မဟုတ်လား..
အဲ့လိုတွေ ငြင်းကြ ခုန်ကြ
ရနံ့တွေ တလှိုင်လှိုင်နဲ့ ကမ္ဘာကြီးလည်း ငါတို့ ပါးစပ်ဖြားမှာ
ဟို မြောင်းထဲကဖား အစာမစားမီနဲ့ စားပြီးကာစလို
ဖောင်းလိုက် ပိန်လိုက်ကြီး.။

အကြင်နာ..“ရှား” ရင်း ခြုံပုတ်တွေကို ရှက်ဖို့မေ့
ချစ်ခြင်းမေတ္တာ..“ခေါင်းပါး” ရင်း ရွက်ခြောက်တွေကို ရှက်ဖို့မေ့
မီး- မလင်းရခြင်းအကြောင်း၊ ရေ- မပါရခြင်းအကြောင်း၊
အရင်းခံကို ကောင်းကောင်း မေ့တယ်
ငါတို့တွေဟာ ငါတို့ကိုယ်တိုင်ကိုလည်း မေ့နေတယ်..။

အစွန့်ပစ်ခံတွေက
ခင်ဗျား စွန့်ထားတာ- ငါလည်း စွန့်ခဲ့တာ-
သတိမေ့တာများ နှမျောစရာကွယ်..!!

ဟော..
ငါတို့ ရှုရှိုက်နေတယ်
အဲ့ဒီ တစ်ခုတည်းနဲ့ အချိန် မီသေးတယ်..။

“““တဆစ်ဆစ် ညည်းတွားနေတဲ့ အစွန့်ပစ်ခံတွေက လမ်းမကြီးဘေးမှာ တွားသွားနေကြတယ်”””

တကယ်တမ်းဆို.. ပြန်ကောက်ယုံလေးနဲ့
မီးလည်း လင်း' တယ်
ရေလည်း ပါ' တယ်
ကမ္ဘာကြီးလည်း နွေး' တယ်.. 

ငါတို့သွားမယ့် လမ်းလည်း ပေါက်' ပါတယ်..။

ခင်လေးငယ် :: 2013/ 10/ 26 ::

“No more starting today with ~ what is left over from yesterday”

တိတ်ဆိတ် တိုးသက်ခြင်းတွေထဲ သိမ်သိမ်မွေ့မွေ့ ခေါင်းဝှေ့နေတဲ့ ည- ဟာ ချစ်ဖို့ သိပ်ကောင်းတယ်..။ သူ့ကြောင့် ကိုယ့်ရှုရှိုက်သံလေးတွေတောင် ပိုမို နူးညံ့သွားသလို..။ 

အဲ့ဒီအချိန်လေးဟာ ရေးဖူးတဲ့ အပိုင်းပိုင်းအစစ အရာလေးတွေကို ဖွဖွတိုးတိုးလေး တဖျပ်ဖျပ် ပြန်လှပ်မိချိန်လည်း ဖြစ်သေးတာ..
ကိုယ်သိပ်ထားလို့ တိတ်တိတ်ကလေး အိပ်နေတဲ့ ဟိုတစ်စ ဒီတစ်ပိုင်း အတိုအစလေးတွေက ချစ်စဖွယ် အိပ်မောကျလို့..!!

“ပြန်လည်တူးစွ ချင်သေးတယ်...” လို့ မပွင့်တပွင့် တောင်းပန်ရင်း ပြုံးစစနဲ့ တံခါးခေါက်တော့လည်း ကြည်ကြည်လင်လင်လေး ထ- ဖွင့်ပေးကြတာပဲရယ် ~ 

ဒီလိုနဲ့ နွေဦးတုန်းက အလှဉ်းသင့်သလို ပြန်ထားဖူးတဲ့ ဂျပန်ကဗျာလေး တစ်ပုဒ်ဆီ အလည်ပြန်ရောက် ခဲ့သေးတယ်..။  

                                                                          
 ~ နံနက်ခင်းသစ် ~

ရှုပ်ထွေးပွေလီ မှုပေါင်းစီတဲ့
နေ့အဟောင်းကို မခေါ်ကောင်းကွယ့်..!!

စုတ်ချက်ကြမ်းရမ်း ပန်းချီနွမ်းကို
ထက်ပိုင်းချိုးဖြတ် လွှင့်ပစ်လိုက်ကွယ့် ~

ကောင်းကင်ပြင်ကျယ် နေခြည်ငယ်နဲ့
ခန္ဓာကိုချိုး သန့်စင်ပျိုးကွယ့် ~

ဖြူလွှကြည်လင် ကင်းဘတ်စ်ပြင်မှာ
ဘယ်ဆေးရောင်မှ ချဘူးသူယောင် စ- ချယ်စမ်းကွယ့် ~

ဘဝအရုဏ်ဦး ဒီမနက်စူးစူးကိုပဲ
နူးနူးညံ့ညံ့ ဖူးမြင်ရင်း...
ဦးခိုက် ကြိုဆိုရင်း... 

တိုးညှင်းညက်ညက် လေပြေနုသက် တွဲခိုဖက်တဲ့ မြက်ရနံ့သင်းရယ်...
ငှက်ငယ်ထွေးတို့ သံပြိုင်ဟစ်ကြွေးတဲ့ တေးသံသာတွေရယ်...
နုငယ်သွေးတဲ့ လေးနာရီပန်းလေးတွေရယ်... နဲ့
နွေနံနက်ခင်းဟာ ပန်းနုရောင်လေး ဆွေးလို့ ~

ကလေးငယ်ရဲ့ မျက်ဝန်းရယ်လို
ရွှန်းဖြာလဲ့ဝေ တောက်ပစေကွယ့် ~ 

ဒါဟာ မင်းရဲ့
ချိုမြလှပ ဘဝအစပဲ
တွေဝေကင်းရင်း လျှောက်လှမ်းနင်းကွယ့် ~

Amano Haruka (အာမာနို ဟာရုကာ)


~ 新しい朝

昨日の続きの
今日を始める事は
もう止めにしよう

描き損ないの絵は 
思いっきり潔く 
破り捨ててしまおう

広い広い空から
降り注ぐ太陽の光を
体いっぱいに浴びて

未だ何も描かれていない
大きくて
真っ白なキャンバスに

生まれて初めて見る
朝の風景を
どんどん描いて行こう

爽やかな風が運ぶ
仄かな草の香りを

繊細なメロディに満ちた
小鳥達の歌を

おしろい花に灯る 
小さなピンク色の夏を

新しい宝物を
見つけた
子供の様に瞳を輝かせ

眩しい一日の只中へ
真っ直ぐに
駆け出して行こう

( 天野 遥花 )

ခင်လေးငယ် :: 2013/ 11/ 13 :::

~ Tranquility (2) ~

======= (၁) =======

 ပိန်းပိတ်မှောင်သော ညကောင်းကင်တွင် ကြယ်ကလေး တစ်လုံးတစ်လေမှ ဆော့ကစား မနေ..။ လ- သည် ထိုကောင်းကင်၌ ရှိနေပါငြား ရုပ်လုံးထွက် မပြ..။ တိမ်တိုက်တစ်မျှင်မျှ မရှိ..။ စိမ့်အေးနေသော ဆောင်းလေသည်ပင် တိုးသံသဲ့သဲ့မျှ မပြု..။ မေပယ်လ်ရွက်လေးများ အရိုးထိတိုင် ခိုက်ခိုက်တုန် ချမ်းနေပေရော့မည်ဟူသော စိုးရိမ်စိတ်သည် မလေးရင်၌ ပဲ့တင်ထပ်၏..။ 

ချိုအီအီ မောင့်တယောသံကို သတိတရ ရှိလာသည်..။ ထိုတယောသံ၌ မလေး၏ မျက်စောင်း လွှလွှကလေးများ ကခုန်ဖူးခဲ့ပါ၏..။ ပြုံးစစ နှုတ်ခမ်းဖြားမှ ထွက်ဆိုခဲ့ဖူးသော စကားများ၏ အသံသည်ကား စူပုတ်ပုတ်နိုင်ခဲ့ပြန်သည်..။ တရံတစ်ခါမျိုးတွင် ဆန့်ကျင်ဘက်ဆန်သော မူဟန်များနှင့် သရုပ်ပြတတ်သူ မလေးသည် မိမိကိုယ်ကို နားမလည်နိုင် ဖြစ်တတ်ပြန်သေး၏..။ 
======= (၂) =======
မလေးသည် ပန်းနုရောင်ခေါင်းအုံးပေါ်၌ ပါးတစ်ဘက် အပ်ထားလျက် ရှိ၏..။ မျက်လွှာများကို မှေးစင်းထားသည်..။ ထိုညကို တစ်ဦးတည်း ပိုင်ဆိုင်မှု ပြုလိုက်သောအခါမှ မောင့်တယောသံသည် မလေးနှလုံးအိမ်သို့ ပြတ်ပြတ်သားသား ပိုမိုတိုးဝင် စီးမျောလာတော့၏..။ မေပယ်လ်ရွက်ကလေးများပင် ပြုံးရိပ်သန်းနေလိမ့်မည်ဟု မလေး ထင်မိသည်..။ 

မောင်သည် မှော်ဝင်နေသူ တစ်ဦးအသွင်နှင့် တေးသွားတစ်ပုဒ်ပြီးတစ်ပုဒ်ကို လှလှပပ မနားတမ်း ပြောင်းလဲတီးခတ်နေ၏..။ ကြိုးများကို ဖိကိုင်ထားသော မောင့် ဘယ်ဘက်လက် ထိပ်ဖြားလေးများ နာရှာရော့မည်..။ စိုးရိမ်စိတ်နှင့် “မောင်...” ဟု ဖွဖွခေါ်မိချိန်တွင် တယောသံသည် ရုတ်တရက်ပင် မလေးထံပါးမှ ပျောက်သွား၏..။ 

မောင်ရေ~~~~  ဟု တဆတ်ဆတ်တုန်ရီသော နှုတ်ခမ်းများမှ ထပ်ကာတလဲလဲ တကြော်ကြော် အော်ခေါ်သံသည် ညဥ့်လယ်ယံ၌ ကျယ်လောင်စွာ မြည်ဟိန်းနေသည်..။ ငြိမ်ဆိတ်စွာဖြင့် ရင့်ရင့်ကျက်ကျက် လှပခဲ့သော ညသည်ရုတ်ချည်း အကျည်းတန်သွား သယောင်ရှိ၏..။ မလေးသည် နွမ်းနယ်စပြုနေပြီ်..။ ကွဲအက်လာသော လည်ချောင်းနှင့်အတူ မလေး ခန္ဓာတစ်ကိုယ်လုံးသည် ဖြူဖျော့ပါးလွှာလွန်း နေတော့သည်..။
======= (၃) =======
နဖူးပေါ်၌ လက်ဖဝါးတစ်ခု၏ အထိတွေ့ရသည်..။ မောပမ်းနွမ်းနယ်နေသော မလေးသည် ရှိသမျှ အားအင်ကို စုစည်းကာ မျက်ခွံနှစ်လွှာကို ခပ်ဖြည်းဖြည်းဖွင့်၏..။ အမြင်အာရုံများ မပီဝိုးဝါး အကြားမှပင် နူးညံ့သိမ်မွေ့သော မောင့်မျက်ဝန်းများ လဲ့နေသည်ကို မြင်သည်..။ အိုကွယ်.. မောင်မျက်ရည်ဝဲနေတာ များလား..!! 

“မလေး နေမကောင်းဘူးလေ..” 

“အသက်လေးကို မှန်မှန်ရှူရင်း သတိလေးမှတ်နေ..” 

“မောင် ရှိနေတယ်.. မလေးနဲ့ အတူတူ မောင်ရှိနေတယ်..” 

“စိတ်လေးပူမနေရဘူး.. မောင် မလေးဘေးမှာ အမြဲတမ်း ရှိနေတာပါကွယ်..” 

အမြဲခန့်ငြားတည်ငြိမ်သော မောင့်အားပေးစကားသံသည် မပြောင်းမလဲ ပြတ်ပြတ်သားသား ရှိလျက်ဟု ထင်မြင်စရာပင်..။ သို့သော် အဆုံးသတ် စကားအချလေးများ၌ တိမ်ဝင်သွားသော မောင့်စိုးရိမ် ပူပန်စိတ်များ အကြောင်း မလေး သိ- နေပြန်သည်..။ ရေစွပ်ထားသော ဝါဂွမ်းတစ်စနှင့် နှုတ်ခမ်းဖျား နှစ်လွှာကို ဖွဖွထိသုတ်ပေးသည်ကို သိ၏..။ 

ဒီလိုပဲ မောင့်မလေးက ခဏခဏ အဖျားကြီးတတ်တာလေ..”

“အားတင်းပြီး အသိလေး ကပ်ထားပေး.. အဖျားကျတော့မှာရယ်..”    တဲ့..။
======= (၄) =======
မလေးသည် အားယူပြီး မောင့်ကို ပြုံးပြနိုင်ဖို့ ကြိုးစား၏..။ ဖျော့တော့တော့ သူမ အပြုံးလေးပဲ ဖြစ်ဖြစ် မောင့်ကို မြင်စေချင်စမ်းသည်..။ “ဟင့်အင်း.. မလေး နေကောင်းပါတယ် မောင်ရဲ့..”  ဟုလည်း တိုးဖွဖွ ပြောလိုသေးသည်..။ သို့သော် မလေးသည် ထိုအရာနှစ်ခုလုံးကို မစွမ်းသူသာ ဖြစ်နေ၏..။ 

တစ်ခုတော့ မောင့်အား မလေး ပေးနိုင်ပါလိမ့်မည်..။ ထိုအရာသည် မောင့်ပူပန်စိတ်များ ရုတ်ချည်းပပျောက်နိုင်သော အရာဖြစ်သည်ကို မလေး ကောင်းကောင်း သိသည်..။ မလေး မျက်ဝန်းတွေထဲ ငေးစိုက်ကြည့်နေသော မောင်သည် ထိုအရာလေးကို တိတိပပ မြင်နိုင်ပေမည်..။ 

မလေး၏မျက်ဝန်းများသည် ဖျော့တော့လွန်းနေပါသော်ငြား အေးအေးမြမြလေး ဖြစ်၍နေလိမ့်မည်..။ ဝေဒနာ အရှိန်နှင့် ရဲရဲတောက်နီနေသော ထိုမျက်ဝန်းများ အထဲ၌ ချမ်းမြေ့ခြင်းကို မောင် အသေအချာ ရှာတွေ့ပါလိမ့်မည်..။ ထို့အတူ မလေး၏ နှလုံးအိမ်အတွင်း၌ မောင်အမြတ်တနိုး အရှိဆုံးသော ကြည်လင်မှုကလေး ရှိမြဲ ရှိနေခြင်းကိုလည်း ကျေကျေနပ်နပ်ပင် မောင် မြင်တွေ့နိုင်သေးသည်..။ 

မလေးသည် ထိုဆောင်းတစ်ည၌ မောင့်အား စိတ်ချလက်ချ ထားခဲ့ကာ မျက်လွှာအစုံကို မှိတ်လျက် နှစ်နှစ်ခြိုက်ခြိုက်လေးပင်  ငြိမ်ဝပ်သွားတော့၏..။

┊     ┊  ┊      ┊
┊  ┊  ┊  ★
┊  ┊  ☆
┊  ★
======= (၅) =======
အဖြူရောင် ဖုန်းအပြားလေးဆီမှ သီးချင်းသံစဉ်တစ်ပုဒ် ထ- မြည်သည်..။ အိပ်ရာထရန် အချက်ပေး နှိုးစက်ဖြစ်၏..။ မျက်လုံးများ မှိတ်ထားလျက်ကပင် ဖုန်းကို စမ်းကာ ပိတ်သည်..။ မျက်လုံးအစုံကို ဖွင့်ဟကာ ကြည်ကြည်လင်လင်လေးနှင့် နေ့သစ်ကို ကြိုဆိုလိုက်၏..။ သူမ၏ လှုပ်ရှားမှုကြောင့် ညာဘက်၌ အိပ်နေသော မောင့်ခန္ဓာကိုယ်သည် အနည်းငယ်မျှ လူးလူးလွန့်လွန့် ဖြစ်လာသော်ငြား နိုးပုံမရ..။ 

ညတာရှည်သော ဆောင်းည၌ မက်ခဲ့သည့် အိပ်မက်အကြောင်း မလေးသည် မောင့်အား စီကာပတ်ကုံး ပြန်လည်ပြောပြ လိုလှပြီ..။ တစ်ညတာလုံး ခေါင်းတင်ကာမှေးအိပ်ခဲ့သော မောင့် ဘယ်လက်မောင်းအား ခပ်ဖွဖွ မွှေးမွှေးပေးရင်း နှိုးမိသည်..။ မောင်သည် သူ မက်၍နေနိုင်ပါသော အိပ်မက်အား အရှိန်အဟုန် ကောင်းကောင်းနှင့်ပင် ဆက်မက်နေဟန် တူ၏..။ 

မလေးသည် ဆံနွယ်များကို လက်ဖြင့် စုသိမ်းရင်း နေခြည်နုများနှင့်အတူ သဘောတကျ ဟက်ဟက်ပက်ပက် လိုက်လံ ရယ်မောနေတော့သည်..။ မောင်ကား တုတ်တုတ်မျှပင် မလှုပ်သေး..။ ခင်ပွန်းသည် မောင်သည် အင်မတန် အိပ်ရာနှိုးရ ခက်ပါကြောင်း မလေးသာလျင် အသိဆုံးဖြစ်မည်..။ 



 ခင်လေးငယ် ::: 2013/ 11/ 12 :::